Search

ဘာ့ကြောင့် အိမ်ယာတွေပစ်ပြီး ထိုင်းကိုရောက်လာရသလဲ?

လွန်ခဲ့သည့် ၂နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံဒေသအသီးသီး၌ မြေလှန်ဖျက်ဆီးသည့် စစ်ဆင်ရေးများအဖြစ် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခြင်းများကို  မီဒီယာအများစုတွင် သတင်းအဖြစ် မြင်တွေ့ခဲ့ကြရပြီး ဖြစ်ပါသည်။

Data of Myanmar အဖွဲ့၏ အဆိုအရ နိုင်ငံတဝှန်းတွင် ၁၄ရက် ဇွန်လ ၂၀၂၃ ခုနှစ်ထိ အရပ်သားအိမ်ခြေပေါင်း အနည်းဆုံး ၇၀၃၂၄ လုံးကို မြန်မာ့တပ်မတော် ခေါ် မြန်မာစစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်သည်။

အဆိုပါ မီးရှို့ဖျက်ဆီးခံရသည့် အိမ်များထဲတွင် ကရင်နီပြည်မှ အသက် ၂၆နှစ်အရွယ် ကော ၏ အိမ်လည်း ပါသွားခဲ့သည်။ ထို့ပြင် သူနေထိုင်ကျင်လည်ရာ မြို့ကြီး၏ အစိတ်အပိုင်းအားလုံးနီးပါးလည်း  မြန်မာစစ်တပ်နှင့် ဒေသခံတပ်ဖွဲ့များ၏ စစ်မြေပြင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး မြို့ကြီးသည် သုဿန်တစပြင်ကဲ့သို့ ဆုတ်ယုတ်သွားခဲ့ပါသည်။ ထိုသို့ လက်နက်ကိုင်ပဋိပက္ခများ တိုးပွားမြင့်တက်လာသောအခါ သူ့တွင် ရွေးချယ်စရာ အနည်းငယ်သာကျန်သဖြင့် ထိုင်းမှတဆင့် တခြားတတိယနိုင်ငံသို့ အခွင့်အလမ်းရှာဖွေရန်နှင့် အခြေချနေထိုင်ရန် ကရင်နီပြည်နှင့် အနီးဆုံးဖြစ်သည့် ထိုင်းနယ်စပ် မယ်ဟောင်ဆောင်အရပ်သို့ ထွက်ခွာလာခဲ့သည်။

“ကျွန်တော် ကရင်နီပြည် ဒီမောဆိုနဲ့ လွိုင်ကော်မြို့ကြားမှာ နေခဲ့ပါတယ်။ အဲ့ဒီနေရာတွေက စစ်အာဏာမသိမ်းခင်မှာ အရမ်းလှပြီး အေးချမ်းတဲ့ နေရာတွေပါ” ဟု ကောက အာဏာမသိမ်းမီ အခြေအနေကို ရိုးတိုးရိပ်တိတ် ပြောပြသည်။

ကောသည် အစိုးရအခြေခံပညာ မူလတန်းကျောင်းဆရာအဖြစ် အလုပ်လုပ်ခဲ့ဖူးပြီး သူ့အသက်မွေးပညာကျောင်းဆရာဘဝကို မြတ်နိုးသူဖြစ်သည်။ ထို့ပြင် သူ့ဘဝတွင် တခြားအလုပ်များ ပြောင်းလုပ်ရလိမ့်မည်ဟု မည်သည့်အခါမှ မတွေးခဲ့ဖူးပါ။  မြန်မာစစ်တပ်မှ အာဏာသိမ်းလိုက်သောအခါ သူအပါဝင် သူ့မိတ်ဆွေအများစုက အလွန်မကျေမချမ်း ဖြစ်ခဲ့ကြသည်။ သူတို့သည်လည်း တခြားသော ပြည်တွင်းဒေသ အနှံ့အပြားမှ ဌာနဆိုင်ရာ ဝန်ထမ်းများနည်းတူ ပြည်သူ့ အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြပြီး စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။ အကျိုးဆက်အနေဖြင့် မြန်မာ အာဏာပိုင်များ၏ စောင့်ကြည့်စာရင်းတွင် သူ့အမည် ပါဝင်လာခဲ့သည်။

သူသည် မြန်မာစစ်တပ်ကို ဆန့်ကျင်သည် CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သောကြောင့် ဖမ်းဆီးထောင်ချခံရနိုင်သဖြင့် နိုင်ငံတွင်းတွင် ခရီးမသွားလာနိုင်ပါ။ ထို့အတူ သူစာသင်ပြခဲ့သည့် စာသင်ကျောင်းလေးမှာလည်း အပိတ်ခံလိုက်ရပြီး ယခုထိ ပြန်လည် ဖွင့်လှစ်နိုင်ခြင်း မရှိသေးပါ။ ဒေသခံကလေးများ၏ အနာဂတ်ပညာရေးမှာ အလွန်စိုးရိမ်ထိတ်လန့်ဖွယ်ရာ ရှိနေပါသည်။

စစ်တပ်၏ အမည်ပျက် စောင့်ကြည့်စာရင်းထဲပါရခြင်းသည် သူ့အိမ်ကို ပြာကျအောင်မီးရှို့သွားခြင်းလောက်တော့ ဆိုးမနေပါ။ မြို့တစ်ခုလုံးမှာလည်း နေ့စဥ်နီးပါး တိုက်ပွဲပြင်းထန်ခြင်း၊ လေကြောင်းဗုံးကြဲခြင်းများကြောင့် စစ်မြေပြင်အတိ ဖြစ်သွားခဲ့ရသည်။ လွှိုင်ကော်နှင့် ဒီမောဆိုမြို့များမှာ မြန်မာစစ်တပ်နှင့် ဒေသခံတပ်ဖွဲ့များကြား စစ်ပြိုင်ရာဒေသများ ဖြစ်လာခဲ့သည်။ ထိုကိစ္စများကို မီဒီယာများတွင် မကြာခဏ ဖော်ပြခဲ့ပြီးဖြစ်ပါသည်။

သူ့တွင် ဘဝလုံခြုံရှင်သန်ရန်အတွက် ရွေးချယ်စရာမရှိသောအခါ ဘဝရှေ့ရေးအတွက် ထိုင်းနိုင်ငံသို့ တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် ထွက်ခွာလာခဲ့တော့သည်။

“ကျွန်တော့် မြို့ခံမိတ်ဆွေအများစုက ကရင်နီပြည်က တောထဲတွေမှာ ပုန်းနေကြရတယ်။ သူတို့မှာ အိမ်ရယ်လို့ ခေါ်စရာမရှိဘူး။ သူတို့အိမ်ဆိုတာလည်း လုံးဝဖျက်ဆီးခံလိုက်ရပြီ။ တောထဲမှာ နေရတာက ဘယ်လိုလုပ် အာမခံချက်ရှိမှာလဲဗျာ။ အချိန်မရွေး မြန်မာစစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲနေတာ။ စစ်ရှောင်တွေရဲ့ နေရာတွေမှာ အစားအစာတွေ၊ ရေသန့်တွေနဲ့ ဆေးဝါးတွေလိုနေတုန်းပါ။  သူတို့ဘဝတွေက ခက်ခက်ခဲခဲ ရုန်းကန်ရှင်သန်နေရတယ်။ တကယ့် သေရေးရှင်ရေး အခြေအနေပါ။” ဟု သူ့ဇာတိမြေအကြောင်းကို ကောက ကြေကွဲစွာ ဆိုသည်။

၂၀၂၃ ခုနှစ် မေလ ၁ ရက်နေ့တွင် ကမ္ဘာကုလသမဂ္ဂမှ ထုတ်ပြန်သည့် အစီရင်ခံစာအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူပေါင်း ၁၄၉၉၀၀၀ ထက်မနည်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြသည်ဟု ဖော်ပြထားသော်လည်း မြေပြင်ကိန်းဂဏန်းများတွင်မူ လူပေါင်း ၁၈၂၇၀၀၀ ကျော်ခန့် ရှိနိုင်ပါသည်။ ထို့ပြင် အာဏာမသိမ်းမီကတည်းက မြန်မာပြည်မြောက်ပိုင်းမှ ကချင်ပြည်တွင် စစ်ရှောင်တစ်သန်းထက်မနည်း ရှိနေသည်။ ကချင်ပြည်သည် မြန်မာစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ ကာလရှည်တိုက်ပွဲ ဖြစ်ခဲ့ရာဒေသဖြစ်ပြီး ထိုအချိန်က အပတ်ခတ်ရပ်စဲရေးစာချုပ် ချုပ်ထားချိန်ဖြစ်သည်။

ကောသည် အသိမယ်မယ်ရရမရှိဘဲ ထိုင်းသို့ ခိုးဝင်လာခဲ့သည်။ သူ၏ အင်္ဂလိပ်စာကျွမ်းကျင်မှုကြောင့် ဟိုတယ်တစ်ခုတွင် အလုပ်ရခဲ့သည်။ သူ့အစီစဥ်မှာ သြစတေးလျကဲ့သို့သော တတိယနိုင်ငံတစ်ခုတွင် ဒုက္ခသည်အဖြစ်ခိုလှုံ အခြေချနေထိုင်ရန် ဖြစ်သည်။ ကောသည် သူ့အစီအစဥ်အတွက် မျှော်လင့်ချက် မှိန်ပျပျသာရှိသော်လည်း သူ့နောက်မှ ထိုင်းသို့ဝင်လာသော သူ့သူငယ်ချင်း ကျောင်းဆရာများထက် အနည်းငယ် ပိုချောင်ချိသည်ဟု သူ့ကိုယ်သူ ယူဆမိသည်။ သူ့သူငယ်ချင်း အများစုမှာ အမှိုက်စက်ရုံများတွင် ယခုတိုင်ပင် လုပ်ကိုင်နေကြရလျက် ရှိသည်။

ထိုင်းမှတဆင့် တတိယနိုင်ငံသို့ သွားလာအခြေချမည့် မျှော်လင့်ချက်အတွက် ထိုင်း၏ မူဝါဒပိုင်းဆိုင်ရာတည်ရှိမှုများက ယခုတိုင်အဆင်သင့် ရှိမနေသေးပါ။ ထို့ပြင် လွန်ခဲ့သော နှစ် ၂၀၊ ၃၀ ခန့်လောက်ကတည်း ထိုင်းမြန်မာနယ်စပ်ရှိ ယာယီစခန်း ၉ခုတွင် ဆက်လက်နေထိုင်နေကြရသည့် မြန်မာ တစ်သိန်းကျော်ခန့်လည်း ရှိနေသေးသည်။ ထိုအချက်ကြောင့် အနောက်နိုင်ငံများနှင့် တခြားတတိယနိုင်ငံများ၏ ဒုက္ခသည်ကမ်းလှမ်းခေါ်ယူနိုင်မှုမှာ အလွန်နည်းသည်ကို သိရှိနိုင်သည်။

ကောကဲ့သို့ပင် ရှမ်းပြည်တောင်ပိုင်းမှ ၁၆နှစ်အရွယ် မိန်းကလေး ခမ်းဟွန်သည်လည်း အခြေခံပညာအထက်တန်း နောက်ဆုံးနှစ်မပြီးဆုံးဘဲ သူမ၏ဇာတိ လဲချားမြို့ကို စွန့်ခွာ ထွက်ပြေးလာခဲ့ရသည်။ ခမ်းဟွန်သည် ပညာရေးဆုံးခန်းမတိုင်ဘဲ သူ့နှင့် မြို့တူသည့်မိတ်ဆွေများ၊ မြို့နီးစပ်ချုပ်မှ မိတ်ဆွေများနှင့်အတူ ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေရန် ဆုံးဖြတ်ထွက်ခွာလာခဲ့သည်။ သူတို့သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေကို အလွန်တရာ စိတ်ကုန် မျှော်လင့်ချက်မဲ့ နေကြသည့်အတွက် ၎င်းတို့ ဇာတိမြို့ကို စွန့်ခွာပြီး ထိုင်းသို့ ခရီးနှင်လာခဲ့ကြခြင်း ဖြစ်သည်။

“တချို့ရွာတွေဆို ရွာသားတွေက လုံးဝနီးပါး ထားခဲ့ကြပြီး ထိုင်းကို ပြေးကုန်ကြတယ်။ ကျွန်မအဖွားက ထိုင်းကိုမသွားဖို့ တားသေးတယ်။ ဒါပေမဲ့ ကျွန်မက ဇွတ်ထွက်လာခဲ့လိုက်တယ်” ဟု သူက ပြောသည်။ သူ့အဆိုအရ ဇာတိမြို့တွင် ခမ်းဟွန်ကဲ့သို့ လူငယ်အများအပြားသည်လည်း မျှော်လင့်ချက်နှင့် အနာဂတ်ပျောက်ဆုံးနေကြသည်။

ခမ်းဟွန်က ချင်းမိုင်တွင် အသားတကျနေထိုင်နိုင်သည်။ ငယ်ငယ်ကတည်းက ထိုင်းတီဗွီအစီအစဥ်များကို ကြည့်ရှုပြီး ထိုင်းစကားကို ကောင်းစွာ ပြောဆို ဆက်သွယ်နိုင်သည်။ သို့သော် သူမ၏ ပြဿနာမှာ ဘာသာစကား အခက်အခဲမဟုတ်ပါ။ ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်ခဲ့သဖြင့် သူ့တွင် အထောက်အထား စာရွက်စာတမ်း မရှိခြင်းက အဓိက စိတ်ပူစရာ ဖြစ်နေသည်။

လက်ရှိတွင် ရှမ်းလူထုသည် မြန်မာစစ်တပ်တစ်ခုတည်းကို သည်းညည်းခံနေရခြင်း မဟုတ်ဘဲ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့၏ ခြိမ်းခြောက်ဖိအားပေးမှုများကိုလည်း ကြုံတွေနေကြရသည်။ အဆိုးဝါးဆုံးမှာ ရှမ်းအချင်းချင်းဖြစ်သည့် တောင်ပိုင်းရှမ်းတပ်နှင့် မြောက်ပိုင်းရှမ်းတပ်တို့ ကြား ထိတွေ့မှုများတွင် မြေဇာပင် ဖြစ်နေကြရခြင်းဖြစ်ပါသည်။ ထိုအခြေနေများက ရှမ်းလူထုကို မျှော်လင့်ချက်မဲ့စေပြီး ယခုထိ ကျေးလက်နေလူထုများအပေါ် လက်နက်ကိုင်အဖွဲ့အသီးသီးက ဆက်ကြေးကောက်နေခြင်းများလည်း တည်ရှိနေပါသေးသည်။

ယခင်က မိုင်းကိုင်မြို့နယ်အရှေ့ဖက် ဟွေ့လုံကျေးရွာအုပ်စုမှ ဝမ်းမိုင်းကျေးရွာတွင် အိမ်ခြေခြောက်ဆယ်ခန့်ရှိခဲ့သည်။ သို့သော် ဒေသတွင်းလှုပ်ရှားနေကြသည့် လက်နက်ကိုင်များ၏ ဖိအားပေးဆက်ကြေးတောင်းယူမှုများကြောင့် ရွာသားများ မခံနိုင်သဖြင့် ထွက်ပြေးသွားခဲ့ကြရာ ရွာတွင် အိမ်ကိုးအိမ်ခန့်သာ ကျန်ရှိတော့သည်။ 

ရှမ်းလူထုကြုံနေရသော လက်ရှိအကြပ်အတည်းများမှာ မြန်မာစစ်တပ်က ခေတ်အဆက်ဆက်ကျူးလွန်ခဲ့ကြသည့် ဖြတ်လေးဖြတ်စနစ် (ရိက္ခာ၊ ငွေကြေး၊ ဆက်သွယ်ရေး၊ တပ်သားသစ်စုဆောင်းရေးများကို ဖြတ်တောက်ခြင်း) နှင့် မခြားဖြစ်နေသည်။ ထိုစနစ်များကျင့်သုံးမှုကြောင့် ရှမ်းပြည်မှ လူသိန်းချီ အိုးမဲ့အိမ်မဲ့ဖြစ်ကြရသဖြင့် ထိုင်းနိုင်ငံသို့ ပြောင်းရွေ့ခြင်းသည် ၎င်းတို့၏ ရည်မှန်းချက် ဖြစ်လာခဲ့သည်။

အာဏာသိမ်းပြီးနောက် ရှမ်းပြည်၏ လက်နက်ကိုင်ပဋိပက္ခများသည်လည်း တခြားဒေသများနှင့် အတူတူပင်ဖြစ်ပါသည်။ အထူးသဖြင့် ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ မိုင်းကိုင်၊ လဲချား၊ ကျေးသီး၊ ရပ်စောက်နှင့် ဟိုပုံးမြို့များမှာ စစ်မက်ပြင်းထန်ရာ ဒေသများ ဖြစ်နေသည်။ ရှမ်းပြည်တွင် လက်နိုင်ကိုင်အဖွဲ့အစည်းမျိုးစုံက တပ်သားသစ်စုခြင်း၊ ဆက်ကြေးကောက်ခြင်း၊ ဖမ်းဆီးနှိပ်စက်စစ်ဆေးခြင်း၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ စစ်မက်ဖြစ်ပွားခြင်းများသည် ဒေသတွင်းပြည်သူများ နေရပ်စွန့်ခွာပြီး ထိုင်းနိုင်ငံသို့ ထွက်ခွာရန် လှုံ့ဆော်သည့် ကိစ္စများ ဖြစ်နေသည်။

အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ၏ အကျိုးဆက်အနေဖြင့် အရပ်သားပြည်သူ ၂၀၀၀၀ ခန့် သတ်ဖြတ်ခံခဲ့ရပြီးဖြစ်သည်။ ထိုသို့ မြန်မာနိုင်ငံ၏ ဆိုးဝါးလှသည့် ပဋိပက္ခများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အစုလိုက်အပြုံလိုက် ရွေ့ပြောင်းအခြေချသည့်ဖြစ်စဥ်အပေါ်  မြန်မာနှင့် ၂၂၀၂ ကီလိုမီတာအထိ နယ်နိမိတ်ချင်း ဆက်စပ်နေသော အိမ်နီးချင်းထိုင်းနိုင်ငံအနေဖြင့် မည်ကဲ့သို့ မူဝါဒများ ချမှတ်တုန့်ပြန် ဆောင်ရွက်မည်နည်း။

ကောနှင့် ခမ်းဟွန်ကဲ့သို့ သူတို့ဘဝတွင် အဆိုးဆုံးကြုံတွေနေရသူများအတွက်   ထိုင်းနိုင်ငံအနောက်ဘက်နယ်စပ်တလျှောက် ကာလရှည်ကြာ နေထိုင်လာကြသည့် ဆွေမျိုးသားချင်းများက မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်များနှင့် အဆင်ပြေချော့မွေ့သော ဆက်ဆံရေးကို ထိန်းသိမ်းလိုကြသည့် ထိုင်းအစိုးရအား မေးခွန်းထုတ်နေကြသည်။  ယခုအခါ ထိုင်းခေါင်းဆောင်ပိုင်းက ဒေသတွင်း အစည်းအဝေးတစ်ခုကိုပင် စီစဥ်နေပြီး ကိုယ့်ပြည်သူကိုယ် အကြမ်းဖက်နေသည့် မတရားအုပ်ချုပ်ရေးအတွက် ရေခံမြေခံ ဖန်တီးပေးနေသည်။

ဇွန်လ ၂၀ရက် ၂၀၂၃ခုနှစ် ကမ္ဘာဒုက္ခသည်များနေ့တွင် နိုင်ငံတကာဒုက္ခသည်များ၊ ဖိအားပေးနှိပ်စက်မှုများမှ အားကိုးထွက်ပြေးလာသူများနှင့် ပတ်သက်၍ ထိုင်းယာယီအစိုးရအနေဖြင့် မိမိပြည်သူများအပေါ် မည်ကဲ့သို့ အသိပေး တုန့်ပြန်ဆောင်ရွက်မည့်နည်းဆိုသည့်ကိစ္စမှာ စိတ်ဝင်စားဖွယ်ရာ ဖြစ်ပါသည်။

.

อ่านบทความภาษาไทย / ENGLISH VERSION https://transbordernews.in.th/home/?p=34199

On Key

Related Posts

ผู้เชี่ยวชาญเตือนฤดูฝนหน้าลุ่มน้ำกก-ลุ่มน้ำสายเสี่ยงสึนามิโคลนอีก เหตุทำเหมืองต้นน้ำ แนะเร่งทำจุดตรวจวัดชายแดน เผยยังไม่มีหน่วยราชการตรวจสอบระบบนิเวศ ชาวบ้านท่าตอนยังกังวลน้ำกกขุ่น

เมื่อวันที่ 22 มีนาคม 2568 ดร.ธนพล พิมาน หัวหน้าฝ่Read More →

ชุมชนในป่าเครียดหนักเหตุรัฐแก้ปัญหาเหมารวม-ห้ามเผาแบบไม่แยกแยะ ไฟป่า-ไฟเกษตร หวั่นวิกฤตอาหารบนดอย สส.ปชน.ชี้รัฐผูกขาดจัดการทรัพยากรนำสังคมสู่วิกฤต

เมื่อวันที่ 21 เมษายน 2568 ที่ห้องประชุมคณะสังคมศาRead More →

เผยเปิดหน้าดินนับพันไร่ทำเหมืองทองต้นน้ำกก สส.ปชน.ยื่น กมธ.ที่ดินสอบ หวั่นคนปลายน้ำตายผ่อนส่งจี้รัฐบาลเร่งแก้ปัญหาผลกระทบข้ามแดน ผวจ.เชียงรายสั่งตรวจคุณภาพน้ำ 24 มี.ค.

เมื่อวันที่ 21 มีนาคม 2568 นายสมดุลย์ อุตเจริญ สส.Read More →

ลาวดำเนินคดีอดีตรองผู้ว่าการไฟฟ้าลาว-ผู้รับเหมาฐานฉ้อโกงเหตุสร้างเขื่อนไม่แล้วเสร็จ-เกินเวลานาน เผยโครงการได้รับสินเชื่อจากธนาคารกรุงไทย

เมื่อวันที่ 21 มีนาคม 2568 สำนักข่าวลาว Laotian TiRead More →